ကွမ်းသီးဆွတ်ခူးချိန် အလုပ်သမားများနှင့် ခြံပိုင်ရှင်များ ပိုမိုဝင်ငွေရရှိ

လိပ်သို  နိုဝင်ဘာ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ကွမ်းသီးများကို ဒုတိယအပြန် ဆွတ်ခူးချိန်တွင် အလုပ်သမားနှင့် ခြံပိုင်ရှင်များ  ယမန်နှစ်ကထက် ပိုမို၍ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

ကွမ်းသီးပင်များမှာ ပန်းခိုင်(၂)ခိုင်မှ (၄)ခိုင်အထိ ပွင့်သီးကြပြီး ရင့်မှည့်ချိန်တွင် ပထမပြန်၊ ဒုတိယပြန်၊ တတိယပြန် ဟူ၍ (၃)ကြိမ် ဆွတ်ခူးကြရာ အသီးတက်ရောက် ဆွတ်ခူးသူ၊ အသီးကောက်အခွံနွှာသူ၊ ရေဆေးအခြောက်လှမ်းသူ စသည့် ဒေသခံအလုပ်သမားများ အလုပ်အကိုင် ရရှိပြီး ခြံပိုင်ရှင်ကြီးများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ကွမ်းသီးရာသီတွင် ယမန်နှစ်ကထက် စျေးပိုမိုရရှိခဲ့ပြီး ခွဲသားအစို တစ်ပိဿာကို (၂၈၀၀)ကျပ်မှ ကျပ်(၃၀၀၀) အထိစျေးရရှိနေပြီး ကွမ်းသီးအခြောက် ပြောင်(အဖြူ) တစ်ပိဿာကို ကျပ် (၆၅၀၀) မှ (၇၅၀၀)ကျပ်၊ ရွေး(အနီ) တစ်ပိသာကို ကျပ် (၇၅၀၀) မှ (၈၀၀၀)ကျပ် အထိ စျေးရရှိကာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ပွဲရုံများနှင့် လက်လီရောင်းချသူများထံသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

စောဝေါ်ကွောထူး