ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဝါးခယ်မ နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန့်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် လျှပ်စစ်ဝန်ထမ်းများမှ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ အိမ်ဆိုင်များတွင် မီးလောင်လွယ်ကူသည့်အရာများ၊ အမှိုက်များအားစနစ်တကျထားရှိမှုရှိ/မရှိ၊ လျှပ်စစ်မီးကြိုး၊ ဝါယာကြိုးများအား စနစ်တကျသုံးစွဲမှုရှိ/မရှိ၊ ထင်းမီးများသုံးစွဲရာတွင် စနစ်တကျသုံးစွဲစေရန်၊ မီးချိတ်မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှု ရှိ/မရှိ၊ အိမ်ဆိုင်၊ ဈေးဆိုင်ကြီးများတွင် မီးသတ်ဆေးဗူးများ ဝယ်ယူသုံးစွဲစေရန် အသိပေးပြောကြား၍ မီးလောင်မှုမဖြစ်ပွားစေရန်အတွက် လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း၊ မီးဘေးအန္တရာယ်ဖြစ်‌ပေါ်လာပါက သက်ဆိုင်ရာမီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ် ဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် မြို့နယ်အတွင်း မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လှုံ့ဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)