မြင်းမူ နိုဝင်ဘာ ၁၀
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းအောင်က Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းက မီးခိုးမြူငွေ့အကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာရသည့် အဓိက အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့် လူတွေရဲ့ ကျန်းမာရေး ထိခိုက်စေမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ် လျော့ချနိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ မီးခိုး မြူငွေ့ လျောချရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ပြည်သူများကို တိုက်တွန်းနှိုးဆော်အကြံပြုချက်များ စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိ ပညာ ဗဟုသုတ ရရှိနိုင်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်း၍ Talk Show များ ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်း ပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များအား ပြပွဲ/ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)