ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက် (ခေါ်) စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း

ရှမ်းရွာသစ် နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက် (ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါနှမ်းနက်ကို စိုက်ပျိုးရာတွင် မြေကိုညက်အောင် ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုးအနေဖြင့် (၂) ပြည်ခန့် အသုံးပြုရကြောင်း စိုက်ပျိုးပြီး (၂၅) ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ မိုးရွာသွန်းသည့်အခါ မြေဩဇာကျွေးခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကတွင် (၁၄) တင်းမှ (၂၀) တင်း ထွက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး နှမ်းနက်စိုက်ခင်းများ အထွက်နှုန်းနည်းပါးသော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ် (၆၀၀၀၀) ခန့်ရှိတာကြောင့် နှစ်စဉ်တောင်ယာလုပ်ငန်းနှင့် တွဲဖက်ပြီး စိုက်ပျိုးကြောင်း မဲသမူးကျေးရွာရှိ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိပြီး ဒေသနေပြည်သူအများ စုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်း၊  ဥယျဉ်ခြံမြေလုပ်ငန်းများကိုလည်း နှစ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)