ဖောင်းပြင်မြို့နယ်တွင် မွေးမြူရေးအစာအဖြစ် နေဗီယာမြက်များစိုက်ပျိုး

ဖောင်းပြင် နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပရိုတင်းဓာတ်(အသားဓာတ်) ကြွယ်ဝသည့် နေဗီယာမြက်မျိုးများကို ဖြန့်ဝေပေးခဲ့ရာ ပိုးစာကုန်းကျေးရွာမှ တောင်သူဦးမြင့်ထွန်းက နွားနှင့် ဝက်မွေးမြူရာ၌ ဖြည့်စွက်စာအဖြစ်ကျွေးနိုင်ရန် နေဗီယာမြက်ကို​ စိုက်ပျိုးထားရှိသည်။

“ကျွန်တော် နွားအကောင်ရေ ၁၅ကောင်၊ ဝက်အကောင်ရေ ၁၀ကောင် မွေးထားပါတယ်။ တိရစ္ဆာန်တွေကို အစာကျွေးတာကတော့ ပုံမှန်အားဖြင့် နွားဆိုရင် မြက်နဲ့ ပဲရိုး၊ ကောက်ရိုးကို ကျွေးပြီးတော့ ဝက်ဆိုရင် မွေးမြူရေးအစာ၊ ဖွဲနု၊ စက်ကလေးကြိတ် ဟာလာဖွဲကိုကျွေးပါတယ်။ ယခုဆိုရင်တော့ နေဗီယာမြက်ကို စိုက်ပြီး ဖြည့်စွက်စာအဖြစ် ကျွေးမွေးတော့ ကျန်းမာပြီး ကြီးထွားနှုန်းမြန်လာတာကို တွေ့ရပါတယ်” ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်နေသူ ဦးမြင့်ထွန်းက ပြောပြသည်။

မွေးမြူရေးအတွက် နေဗီယာမြက်ကို( ၀.၄၄ ဧက) စိုက်ပျိုးထားပြီး အပင်သက်တမ်း ၄လခန့်တွင် အပင်ပွားများကို ခုတ်ယူ၍ ကျွေးမွေးနိုင်ပြီဖြစ်ကြောင်း၊ နေဗီယာမြက်သည် နှစ်ရှည်ပင်များကဲ့သို့ တစ်ကြိမ်စိုက်စိုက်ပြီးပါက သက်တမ်းအကန့်အသတ်မရှိ အကျိုးခံစားခွင့်ရှိပြီး တိရစ္ဆာန်များ မွေးမြူရာ၌ ကုန်ကျစရိတ်သက်သာခြင်း၊ ကြီးထွားမှုမြန်ဆန်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း၊ ကိုယ်ဝန်ဆောင် တိရစ္ဆာန်များ မွေးဖွားရာတွင် လွယ်ကူခြင်း၊ နွားများအတွက် နွေရာသီမြက်စိမ်း ရှားပါးချိန်တွင် အစာအလွယ် တကူရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)