ကံမမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်လှစ်

ကံမ နိုဝင်ဘာ ၁၀

မကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  လက်သမားပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  သင်တန်းဖွင့်ပွဲတွင်   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာထွေးက ကျေးလက်နေပြည်သူများ​၏ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက်    ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ သင်တန်းနည်းပြ ဆရာမှ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည့် လုပ်ငန်းအစီအစဉ်များအား မိတ်ဆက်ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါ လက်သမား ပန်းရံသင်တန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၃၀) သိန်းဖြင့် နိုဝင်ဘာလ ၁၀ ရက်မှ နိုဝင်ဘာလ ၂၄ ရက်ထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ စုစုပေါင်းကျေးရွာ (၁၂)ရွာမှ သင်တန်းသား (၂၅)ဦးအား ကျွမ်းကျင်နည်းပြဆရာမှ   စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း  မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနမှ  သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)