ငါးသိုင်းချောင်း နိုဝင်ဘာ ၁၀
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း နေထိုင်လျက်ရှိသည့် မိဘပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများအတွင်းနှင့် လူစည်ကားရာလမ်းဆုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မိမိနေအိမ် ခြံဝင်းအတွင်း/အပြင်၌ သစ်ရွက်ခြောက်များ၊ အမှိုက်များကို စနစ်တကျရှင်းလင်းထားရန်၊ နေအိမ်တိုင်း၌ မီးချိတ်၊ မီးကတ်၊ သဲပုံးနှင့် ရေပုံးများကို အဆင်သင့်ဆောင်ထားရန်၊ လျှပ်စစ်မီးများ အသုံးပြုပြီးပါက မီးခလုတ်များကို သတိထားပြီး ပိတ်ရန်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အား အတိုင်းသာ အသုံးပြုကြရန်၊ ဟောင်းနွမ်းပေါက်ပြဲနေသည့် ဝါယာကြိုးများကို အသစ်လဲလှယ်သုံးစွဲရန်၊ ထင်းမီးအား အသုံးပြုသည့် ပြည်သူများအနေဖြင့် မီးကြွင်းမီးကျန် မရှိစေရေး အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် ဘုရားစင်တွင် ပူဇော်ထားသော ဖယောင်းတိုင်မီးများကို စနစ်တကျ ငြိမ်းသတ်ကြရန်တို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)