စစ်ကိုင်းမြို့တွင် အခြေခံမြားပစ်သင်တန်း ဖွင့်လှစ်ပေး

စစ်ကိုင်း နိုဝင်ဘာ ၁၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံမြားပစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီခွဲက စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်အနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အဖက်ဖက်ကနေ ဆောင်ရွက်တဲ့အခါမှာ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် နှစ်စဉ် ရေခံမြေခံကောင်းတဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ အားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုစစ်ကိုင်းမှာဖွင့်တဲ့ အခြေခံမြားပစ်သင်တန်းကိုလည်း နောက်ဆုံးပေါ် နည်းစနစ်များဖြင့် သင်ကြားပြသပေးသွားမှာ ဖြစ်တဲ့အတွက် သင်တန်းသား မောင်/ မယ်များအနေဖြင့် ကြိုးစားလေ့လာ သင်ယူသွားကြပါလို့ စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများအတွက် ဝတ်စုံများကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးက သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ(၉)ရက်နေ့မှ (၂၆)ရက်နေ့အထိ စာတွေ့/ လက်တွေ့ သင်ကြားပြသ ပို့ချပေးသွားမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များမှ သင်တန်းသား/ သင်တန်းသူ(၄၉)ဦးတက်ရောက်ကြကာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်