ရှမ်းရွာသစ် နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ အသိပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများအား တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ရာသီကူးပြောင်းချိန်တွင်ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ သွားများကို စနစ်တကျတိုက်နည်းများ ၊ ကိုဗစ်-၁၉ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုအခြေအနေများကို အသိပညာပေးဟောပြောခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား "ကျန်းမာရေးနှင့်ပြည့်စုံသူတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးကြသည်" ကျောင်းကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် သွားတိုက်ဆေးများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)