ပြည် နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၁)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် (၁၂၃)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် (၁၂၃) ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံ အောင်ပွဲအခမ်းအနားကို နိုဝင်ဘာ၉ရက် ယမန်နေ့ည ၇ နာရီက စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပခဲ့ရာ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များ၊ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့နှင့်ဝတ်အသင်းများ တက်ရောက်သည်။
ရှေးဦးစွာ ဆရာတော်ကြီးများအမှူးပြုသော တက်ရောက်လာကြသူများက နမောတဿ ဗုဒ္ဓပဏာမဂါထာတော် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ဒေသကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဂေါပကအဖွဲ့ဝင်များနှင့်အတူ ပတ္တမြားစေတီ၊ မူလစေတီတော်၊ ရွှေကလာပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူလျက်ရှိ စိန်စေတီတော်တို့ကို အခမ်းအနားရှိ ယာယီပလ္လင်တော်များပေါ်သို့ ပင့်ဆောင်ကြသည်။
ယင်းနောက် ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပွဲတော်ရက်အတွင်း အလှူငွေနှင့်ရတနာပစ္စည်းများ လှူဒါန်းရရှိမှုစာရင်းအား ဖတ်ကြားတင်ပြလျှောက်ထားသည်။
ထို့နောက် ပွဲတော်အောင်ပွဲအခမ်းအနားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော်ဘုရားကြီးက ရေစက်ချ အနုမောဒနာတရားချီးမြှင့်တော်မူပြီး တာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ်တော်နှင့် ပတ္တမြားစေတီ၊ မူလစေတီတော်၊ ရွှေကလာပ်တော်နှင့် ရွှေစန္ဒကူးကြုတ်တော်တို့အား တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်သိမ်းဆည်းခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အောင်ပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)