ပုသိမ် နိုဝင်ဘာ ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ် သင်တန်းအမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘိုကလေးနှင့် မအူပင်)တို့မှ ဇကာတင်ရွေးချယ်ခံထားရသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲအား နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊သင်တန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ကျောင်းသား/သူများနှင့် မိတ်ဆက်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သြဝါဒစကားပြောကြားရာတွင် “မောင်တို့မယ်တို့အနေဖြင့် တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ကောလိပ်များတွင် သွားရောက်ပညာသင်ကြား ဆည်းပူးခွင့်ရသည့် သူများဖြစ်ပါကြောင်း၊ ဘွဲ့အသီးသီးရရှိပြီးပါက တာဝန်ကျရာနေရာဒေသ အသီးသီးတွင် ပေးအပ်သောတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီး၌ ဆည်းပူးခဲ့သည့် ပညာရပ်များအားအရင်းခံ၍ ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ရွေးချယ်ထားသည့် လမ်းကြောင်းတွင် မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လိုအပ်သော ပံ့ပိုးထောက်ပံ့မှုများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)တွင် ပညာရေးဘွဲ့(B.Ed)(၅)နှစ်သင်တန်း၊ အမှတ်စဉ်(၁၀) တက်ရောက်မည့် ကျောင်းသား/သူ ၂၅ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)တွင် ပထမနှစ်ဝိဇ္ဇာ/သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား/သူ ၃၉ ဦး၊ စုစုပေါင်း ၆၄ ဦးရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)