ကန်ကြီးထောင့်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကန်ကြီးထောင့် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၉ ရက်နေ့  နံနက် ၁၀ နာရီအချိန်တွင်(အလက)လဟာကလူ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက နိုင်ငံသားတိုင်းထားရှိရမည့်မျိုး ချစ်စိတ်ဓာတ်၊ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကျောင်းသားကျောင်းသူလေးများအား စာဖတ်ရှိန်မြင့်တင်ရေး  အသိပညာ ပေးဆွေးနွေးဟောပြောခဲ့သည်။

ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ အနာဂါတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူလေးများအား  နိုင်ငံသားတစ်ဦးချင်းစီ သိထားသင့်သည့် နိုင်ငံ၏အထိမ်းအမှတ် နေ့ကြီးရက်ကြီးများအကြောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စသည့် ဗဟုသုတများအား လိုက်လံဟောပြောလျှက်ရှိပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့်အတူ အာလူးကောက်၊ ကြက်ခွပ်၊ စကောရွတ်နှင့် ခုံလုပြိုင်ပွဲများအား မြို့နယ်ရုံး Community Centre  ခန်းမတွင် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)