မြောင်းမြ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာရှိ မိုးစပါးဧက ၁၀၀ စံပြကွက်ရိတ်သိမ်းမှု အခြေအနေကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှု့အားပေးပြီး တောင်သူများအား နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက မိုးစပါးစံပြကွက် ရိတ်သိမ်းမှု အခြေအနေကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဧရာဝတီတိုင်းဝန်ကြီးချုပ်က တောင်သူ ဦးထွန်းနိုင်ဝင်း၏ လယ်မြေတွင် စပါးရိတ်သိမ်းနေမှုကို ကြည့်ရှု့အားပေးပြီး နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် တောင်သူများကို နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။
ထို့နောက် တောင်သူများနှင့်တွေ့ဆုံပြီး စပါးစိုက်ပျိုးမှု အခြေအနေများ၊ ဓာတ်မြေသြဇာ သုံးစွဲမှု အခြေအနေများ၊ စပါးထွက်ရှိမှုအခြေအနေများ၊ စိုက်ဘဏ်ချေးငွေပေးဆပ်မှု အခြေအနေများကို မေးမြန်းပြီး လိုအပ်သည်များကို ညွှန်ကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မဒေါ့ပင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးရာသီ ဧက(၁၀၀)တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ဆောင်ရွက်ထားရှိရာ တောင်သူဦးထွန်းနိုင်ဝင်းက စိုက်ဧက ၂၅.၈၁ ဧက၊ ဦးစိန်ခင်က စိုက်ဧက ၂၂.၈၉ ဧက၊ ဦးသက်နိုင်ဦးက စိုက်ဧက ၇.၉၆ ဧက၊ ဦးထိန်လင်းက စိုက်ဧက ၃၀.၂၀ ဧက၊ ဦးသိန်းအောင်က စိုက်ဧက ၇.၈၃ ဧက၊ ဦးမြသောင်းက စိုက်ဧက ၅.၄၆ ဧက စိုက်ပျိုးထားရှိပြီး ယခုရိတ်သိမ်းနေသည့် တောင်သူဦးထွန်းနိုင်ဝင်း၏ လယ်ကွက်တွင် စပါးအခြောက် တစ်ဧက ( ၁၁၉.၂၈) တင်း ထွက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)