မြို့သစ် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းရန် အနည်းငယ်မျှသာလိုတော့ကြောင်း သိရသည်။
ယခုမိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ရတနာတိုးစပါးမျိုးများကို အစိုးရဆည်ငယ်၊ ကန်ငယ်များဖြစ်သည့် နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်မိုးကောင်းသောက်ဧကစုစုပေါင်း (၅၅၁၀၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် မိုးစပါးများကို နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ရိတ်သိမ်းနိုင်မှာဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မိုးစပါးစိုက်ပျိုး သူတောင်သူများအား သိပ္ပံနည်းကျစနစ်တကျ စိုက်ပျိုးခြင်းဖြင့် အောင်မြင်သန့်ရှင်းသော မျိုးကောင်းမျိုးသန့်များရရှိစေရန်၊ အထွက်နှုန်း ကောင်းမွန်သေချာစေရန် စိုက်နည်းစိုက်ဟန်ဖြင့် လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက်ပေးခြင်း၊ တစ်ဧကအထွက်နှုန်းတိုး၍ မိုးစပါးစိုက်ပျိုးသူတောင်များအနေဖြင့် ဝင်ငွေတိုးစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)