မြစိမ်းရောင်ကျေးရွာစိမံကိန်းဖြင့် (ဆီထွက်သီးနှံမိုးနေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေထုတ်ချေးမည့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေဖြင့် (ဆီထွက်သီးနှံမိုးနေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်  ယနေ့နံနက် ၉ နာရီက  ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာသို့သွားရောက်ပြီး ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ချေးငွေထုတ်ချေးမည့် ဒေသခံတောင်သူများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်လွင်ဝေအောင် (ဦးစီးအရာရှိ-နည်းပညာ) က ဒေသခံကျေးလက်နေပြည်သူများ (ဆီထွက်သီးနှံမိုးနေကြာ) စိုက်ပျိုးရာတွင် အဆင်ပြေစေရန်နှင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွား နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်း ချေးငွေများကို သက်သာသော အတိုးနှုန်းဖြင့် မတည်ထုတ်ချေးပေးသွားမည်ဖြစ်ရာ ဒေသခံတောင်သူများအနေဖြင့် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တိုးချဲ့စိုက်ပျိုးထုတ်လုပ် သွားကြစေလိုကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။  ထို့နောက် ကျေးရွာစီမံကိန်းကော်မတီဝင်များက မိုးနေကြာသီးနှံ စိုက်ပျိုးဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ထမ်းများအဖွဲ့က  ဒေသခံတောင်သူများ မိုးနေကြာသီးနှံစိုက်ပျိုးရာ၌ အခက်အခဲမရှိစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး စီမံကိန်းချေးငွေ ထုတ်ချေးမည့်လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဝန်ထမ်းများအဖွဲ့က ဆည်မုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ) စီမံကိန်းဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနေကြာစိုက်ခင်းများကို မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးနှင့် ပိုးမွှားရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သီးနှံအထွက်နှုန်း လျော့နည်းမှု မဖြစ်စေရေး အချိန်မီသီးနှံရိတ်သိမ်း ခြွေလှေ့ခြင်းများ စနစ်တကျလုပ်ကိုင်သွားကြရန် ဒေသခံတောင်သူများကို ဆွေးနွေးမှာကြား သည်။

ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန်နှင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေဖြင့် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်  ကျေးရွာအိမ်ထောင်စု အနည်းအများပေါ် မူတည်၍ စီမံကိန်း ချေးငွေများကို အမျိုးအစား(၃)မျိုးခွဲပြီး (Type - 1,)တွင် ငွေကျပ် သိန်း(၃၀၀)၊  (Type - 2,) တွင် ငွေကျပ် သိန်း (၂၀၀)၊ (Type - 3,)တွင် ငွေကျပ် သိန်း(၁၀၀)စီဖြင့် မတည်ထုတ်ချေး၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရကာ ပွင့်ဖြူမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနေကြာ စီမံကိန်းဝင်ကျေးရွာ(၃)နှင့် ဆီထွက်သီးနှံဆောင်းနေကြာ စီမံကိန်းဝင်ကျေးရွာ (၂)ရွာတွင် စုစုပေါင်းစီမံကိန်းချေးငွေကျပ် သိန်း(၇၀၀) မတည်ထုတ်ချေးပြီး အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။  လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)