အုတ်ဖို နိုဝင်ဘာ ၁၀
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အ.ထ.က အုတ်ဖို အခြေခံပညာအထက်တန်းကျောင်း ဧရာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က ကျောင်းတွင်းစီမံခန့်ခွဲမှု အရည်အသွေးတိုးတက်ရေး၊ ပညာရေးတိုးတက်ရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် ကျောင်းအုပ်ကြီးများ အရည်အသွေးမြှင့်တင်ခြင်းဖြင့် အခြေခံပညာ ကျောင်းများရှိဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ကြား၊ သင်ယူမှု တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၇၈)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ခံကျောင်းအုပ် (၁၇၈) ဦးတို့အား မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်နှင့် ဇီးကုန်းမြို့နယ်ပညာရေးမှူး ဒေါ်ခင်သိန်းရီတို့က နိုဝင်ဘာ (၁၀) ရက်မှ (၁၁)ရက်အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)