ပဲခူး နိုဝင်ဘာ ၁၀
ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က ပဲခူးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီကို (၂၂-၄-၂၀၂၁) ရက်နေ့တွင် အဖွဲ့ဝင်(၁၈)ဦးဖြင့် ပြန်လည်ဖွဲ့စည်း၍ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များရဲ့ အကျိုးစီးပွားရရှိအောင် တတ်စွမ်းသလောက် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အကြံပြုချက်များကိုလည်း ဆွေးနွေးပေးကြဖို့လိုကြောင်း၊ ရေရှည်ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်၍ ပြန်လည်ဆေးနွေးတင်ပြခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ဆောင်ရွက်မှုအပေါ် ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ပဲခူးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် စတင်ဖွဲ့စည်းပြီးချိန်မှ ယနေ့အထိ ကလေးငယ်တိုင်း အခွင့်အရေးပြည့်ပြည့်ဝဝရရှိပြီး အသက်အရွယ်အလိုက် ဖွံဖြိုးတိုးတက်စေရန်အတွက် ဌာနတွင်း မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကကျောင်းများမှ ဆရာမများအား သင်တန်းများပေးခြင်း၊ Child Right Law အသိပညာပေးသင်တန်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူး၊ သက်ငယ်မုဒိမ်း နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ၊ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ကလေးသူငယ်မှုခင်းများ၊ သက်ငယ်မုဒိမ်းမှုများကို လိုက်ပါကူညီဆောင်ရွက်ခြင်း၊ မိသားစုပြန်လည်ပေါင်းစည်းရေးများ၊ ကလေးမွေးစားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးမှုခင်းများအတွက် တရားရုံးစရိတ်နှင့် အသက်မွေးဝမ်းကြောင်းစရိတ် ထောက်ပံ့ခြင်း၊ သုံးမွှာပူးမွေးဖွားသည့် မိခင်အား ငွေကြေးထောက်ပံ့ခြင်း စသည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)