မင်းလှမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းချော်မှုဖြစ်ပြီး တိမ်းမှောက်မှုဖြစ်ပွား

အထက်မင်းလှ            စက်တင်ဘာ  ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအနီးမင်းလှ-မင်းဘူးသွားကားလမ်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ဆီဘောက်ဆာယာဉ် တစ်စီး လမ်းချော်မှုဖြစ်ပြီး တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ  မင်းလှမြို့တောင်ဘက်မှ မင်းဘူးမြို့ မြောက်ဘက်သို့ ယာဉ်မောင်း အောင်ချိုလတ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်မျိုးအောင်လိုက်ပါသည့် ဆီဘောက်ဆာ  ၁၀  ဘီး(ဂါလံ ၃၈၀၀ ဆံ့) မော်တော်ယာဉ်သည် မင်းလှ-မင်းဘူး ကားလမ်းမိုင်တိုင်အမှတ် (၁၄/၅)၊ ညောင်ပင်သာကျေးရွာအနီး အရောက်တွင် လမ်းချော်၍ စလစ်ဖြစ်ကာ လမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့  ဆီဘောက်ဆာယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်မောင်း အောင်ချိုလတ်တွင် ဝဲရင်အုပ်ဖူးရောင် နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆီဘောက်ဆာပေါ်တွင် တင်ဆောင်လာသည့် ဆီဂါလံ ၅၀၀ ခန့်မှာ လမ်းပေါ်သို့ ဖိတ်ကျခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့နယ် ရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)