ကန့်ဘလူ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ရောက် ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်ရှိ တိုက်နယ်ရှစ်ခုမှ တိုက်နယ်ခေါင်းဆောင် ဌာနဆိုင်ရာများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆက်လက်၍ တိုက်နယ်ခေါင်းဆောင်များက ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်ကာလတွင် ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန် ငါးမျိုးကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် အကြောင်းအမျိုးမျိုးဖြင့် ကျန်ရှိသော အိမ်ထောင်စုများကို ငွေကျပ် ၁၅,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ တတိယအကြိမ် အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ် တွင်လည်း အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ယခု ပဉ္စမအကြိမ် အဖြစ် တစ်အိမ်ထောင်လျှင်ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၆၆၄၄၉ အတွက် ငွေကျပ် ၁,၃၂၈,၉၈၀,၀၀၀ ကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)