ဝက်လက် စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများကို ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များထံ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွာသာကြီးစခန်းနှင့် စိုင်နိုင်စခန်းများကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီက မြို့မစခန်းနှင့် လှတောစခန်းများသို့ လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိလက်ဝယ်ထောက်ပံ့ငွေများ ရောက်ရှိသည်နှင့် အမြန်ဆုံး ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးကြရန်လိုအပ်ကြောင်း မှာကြားဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက ယခုပဉ္စမအကြိမ်မြောက် နိုင်ငံတော်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းတိတိစီ ထောက်ပံ့ပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ပေးအပ်သွားရန် လူစုလူဝေး မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဝက်လက်မြို့နယ်အတွင်းရှိ စခန်း ၉ ခုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၅၁၇၆၅) ရှိသည့်အနက် ယနေ့နံနက်ပိုင်းက ရွာသာကြီးစခန်း အတွင်းရှိ ကျေးရွာအုပ်စု ၆ စုအတွက် အိမ်ထောင်စုပေါင်း ၅၃၂၄ စု၊ စိုင်နိုင်စခန်းအတွင်းရှိ ကျေးရွာအုပ်စု ၁၀စုအတွက် အိမ်ထောင်စုပေါင်း ၅၁၉၅ စုကိုလည်းကောင်း မွန်းလွှဲ ၂ နာရီအချိန်က မြို့မစခန်း အတွင်းရှိ ရပ်ကွက် ၃ ခု ကျေးရွာအုပ်စု ၉ စုအတွက် အိမ်ထောင်စုပေါင်း ၆၄၀၃ စုနှင့် လှတောစခန်းအတွင်းရှိ ကျေးရွာအုပ်စု ၁၀ စုအတွက် အိမ်ထောင်စုပေါင်း ၈၀၃၃ စုကိုလည်းကောင်း အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် နှစ်သောင်းတိတိနှုန်းဖြင့် အိမ်ထောင်စုပေါင်း ၂၄၉၅၅ စုအတွက် ငွေပေါင်း ကျပ် ၄၉၉,၁၀၀,၀၀ဝိ/-ကို ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိသော ရွှေပန်းကုန်းစခန်း ပေါက်ကန်စခန်း ရှိမ်းမကားစခန်း မုဆိုးခြုံစခန်းနှင့် မင်းကုန်းစခန်းများကို ထောက်ပံ့ငွေများ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။
ဥမ္မာဝင်း(ဝက်လက်)