ဘားအံ နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(၁)၊ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် စသည့် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် သုသ/ရသ စာအုပ်စာပေ(၂၀၁)အုပ်အား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်အနေဖြင့် ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းအပြင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသခံပြည်သူများအတွက် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးခြင်းကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)