ပုလော စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် - မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၆၉၁ ကီလိုမီတာမှ ၆၉၃ ကီလိုမီတာအကြားရှိ တိုကျေးရွာ၊ ကဒဲကျေးရွာမှ ပဝတ်ကုန်း ကျေးရွာအထိ ယနေ့နံနက်ပိုင်းက နို(လ်)(NOUL)မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးနှင့် လယ်ယာတစ်ချို့ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလမ်းမကြီး ၆၉၁ ကီလိုမီတာမှ ၆၉၃ ကီလိုမီတာအကြားရှိ တိုကျေးရွာ၊ ကဒဲကျေးရွာမှ ပဝတ်ကုန်းကျေးရွာအထိ ပြည်ထောင်စုလမ်းမကြီးတွင် ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ကဒဲကျေးရွာ စာသင်ကျောင်း အဆောက်အအုံ(၁)လုံး ရေမြုပ်မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ မရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ကူညီရွှေ့ပြောင်းဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
အေးအေးမော် (ပုလော)