နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သင်တန်းများဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၉

ဒေသတွင်းစက်မှုလုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင် ၍ လူနေမှုအဆင့်အတန်းမြှင့်မာလာစေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)တို့ပူးပေါင်း ဖွင့်လှစ်သော သင်တန်းများဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းအကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းတိုင် အောင်သင်ကြားနိုင်ခဲ့ကြသည့် အလုပ်လက်မဲ့ လူငယ်များ၏ ဘဝနောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာများကို တတ်မြောက်ကြစေလိုကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးလိုက် သည့်ပညာရပ်များကို စာတွေ့၊လက်တွေ့လေ့လာမှတ်သားသင်ယူ ပြီး လက်တွေ့ နယ်ပယ်တွင်ပြန်လည် အသုံးချနိုင်ရန်နှင့် ကိုယ်ပိုင်အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး ယနေ့ဖွင့်လှစ်သည့်သင်တန်းများတွင် ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၃)၌ သင်တန်းသား ၁၀ ဦး၊ လျှပ်စစ်သင်တန်း အမှတ်စဉ် (၁၃)၌ သင်တန်းသား/ သင်တန်းသူ ၁၅ ဦး၊ မော်တော်ယာဉ်/စက်ပြင် သင်တန်း အမှတ်စဉ်(၁၂)၌ သင်တန်းသား ၂၀ ဦး နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၁)၌ သင်တန်းသား ၁၅ ဦး စုစုပေါင်း သင်တန်းသား/သူ ၆၀ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ ရက်သတ္တပတ် ၂၂ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းများအပြီးတွင် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံစီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁၀/၂၀၂၂) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေး၊ ရန်ပုံငွေများဆက်လက်ထုတ်ချေးပေးနိုင်ရေး သက်ဆိုင်ရာဌာနအလိုက်၊ မြို့နယ်များအလိုက် ဆောင်ရွက်နေသည့် အခြေအနေများ၊ တောင်သူလက်ဝယ်ရောက်ရှိပြီး ထုတ်ချေးပေးနိုင်ခဲ့သည့် အခြေ အနေများကို ရှင်းလင်းတင်ပြပေး ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရယူသုံးစွဲနိုင်ရေးတင်ပြလာသည့် စီးပွား ရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံစီးပွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြကာ အစည်းအဝေးသို့ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်ဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအပြီးတွင် နေကြာ၊ ပဲတီစိမ်း သီးနှံများ ထွန်ယက် စိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေ၊ ဒေသတွင်းအခြားသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှားစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)