ဆင်ပေါင်ဝဲ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန် နေ့က အမှတ်(၃)ရပ်ကွက်၊ မြို့ဦးထိပ်ရှိ ဘုရားငါးဆူစေတီ တော် တန်ဆောင်းအတွင်းတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ ဆီးချိုစစ်ဆေးပေးခြင်း၊ အဝလွန်ခြင်းနှင့်နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ် ခန့်မှန်းတွက်ချက်ပေးခြင်း၊ ပန်းနာရင်ကြပ်နှင့် နာတာရှည်အဆုပ်ပွရောဂါများ ရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါတွေ့ရှိမှုအပေါ် မူတည်၍ သောက်ဆေးများ အခမဲ့ ပေးဝေပေးခဲ့သည်။ ထို့နောက် ဒေါက်တာမွန်စိုးရီမှ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံများကို နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)