ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားကြီးတွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စတုဒီတာကျွေးမွေး လှူဒါန်း

ပွင့်ဖြူ နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့အဝင်ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးတွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယမန်နေ့နေ့ ည ၆ နာရီက စတုဒီတာကျွေးမွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စတုဒီတာကျွေးမွေးလှူဒါန်းပွဲကို ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်မှ ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)အထိမ်းအမှတ် ကုသိုလ်ကောင်း မှုပြုသည့်အနေဖြင့် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး စတုဒီတာကျွေးမွေးလှူဒါန်းရာ၌ ပေါင်မုန့်အုန်းနို့ဆမ်းနှင့် ကျောက်ကျောမုန့်အပါအဝင် မြန်မာ့ရိုးရာမုန့်လျာများဖြင့် ကျွေးမွေးလှူဒါန်းရာ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူ ၄၀၀ ဦးခန့်က အားပါးတရ ပျော်ရွှင်စွာ လာရောက်စားသောက်ခဲ့ကြကြောင်း သိရသည်။

စတုဒီတာကျွေးမွေးလှူဒါန်းပွဲအပြီးတွင် ဝတ်ရွတ်အသင်းအဖွဲ့များက ပြည်လုံးချမ်းသာဘုရားကြီး ရင်ပြင် တော်တွင် အန္တရာယ်ကင်း ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ကြပြီး အလှူရှင်ရပ်ကွက်နေပြည်သူများနှင့် စတုဒီတာ လာရောက်သုံးဆောင်ခဲ့ကြသည့် ဒေသခံပြည်သူများက ဘုရားကြီးအား ပန်း၊ ရေချမ်း ၊ ဆီမီးများ ထွန်းညှိ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)