ထန်းတပင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားနှင့်ပန်းရံ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားနှင့်ပန်းရံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်မှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးအောင်ကသင်တန်းသားများအနေဖြင့် မိမိတို့သင်ကြားတတ်မြောက်ထားသော ပညာရပ်များအား မိမိတို့၏ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်စွာအသုံးချရန်နှင့် မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ လူငယ်များကိုလည်းလက်တွဲ၍ သင်ကြားပေးရန်လိုအပ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးကသင်တန်းနည်းပြဆရာအား ပေးအပ်ခဲ့ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာတစ်လကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)