ပေါင်းတည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသည် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိင် ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့များက အဆိုပါနှိုးဆော်ရေးအဖွဲ့များနှင့် အတူ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ပြီးမှ သွားလာကြရန် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန် လူစုလူဝေးများ ရှောင်ကြဉ်ရန်၊ ကျန်းမာစွာ နေထိုင်နိင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များ အခြားပြည်နယ် တိုင်းဒေသကြီးများနှင့် ရောဂါဖြစ်ပွားရာ ဒေသများမှ နေရပ်ပြန်လာသည့် ပြည်သူများ ဝင်ရောက်များမှုရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသိပေး အကြောင်းကြားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားချက်များနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ကြရေးစသည်တို့ကို နေ့စဉ်ညနေပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)