မောက်မယ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် အစေ့ထုတ်ပြောင်းများ စျေးကောင်းသဖြင့် အစေ့ထုတ်ပြောင်းသီးနှံစိုက်တောင်သူမိသားစုဝင်များ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် အစေ့ထုတ်ပြောင်းသီးနှံစိုက်တောင်သူများသည် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးထားရာမှ ယခင်နှစ်များထက် စျေးကောင်းရကာ လာမည့်နှစ်များတွင်လည်းပြောင်းများ ပိုမိုတိုးချဲ့စိုက်ပျိုးတော့မည်။ မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများ ဇွန်လမှစ၍ အစေ့ထုတ် ပြောင်းသီးနှံစိုက်ပျိုးရာတွင် အတန်းလိုက်ဂျောင်းစနစ်ဖြင့်စိုက်ပျိုးကြပြီး ပြောင်းပင်များကြီးလာပါက အပွင့်မပွင့်မီနှင့်အပွင့်ပွင့်ချိန်၊ သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အားဆေးများ ပက်ဖြန်းရကြောင်း မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သဖြင့် ရောင်းချရသည့်သီးနှံ တစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ (၄) လကျော်ပါက စတင်ခူးဆွတ်ရောင်းချရပြီး ရောင်းစျေးအနေဖြင့်အစေ့ထုတ် ပြောင်းတစ်ပိဿာလျင် (၈၅၀၀) ကျပ် ရောင်းချရကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တောင်သူများကပြောပြသည်။
မောက်မယ်မြို့ဝန်းကျင်၌ အစေ့ထုတ်ပြောင်းများကို ဟိုလွိုင်ကျေးရွာအုပ်စု၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နမ့်လွတ်ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မောက်မယ်ကုန်ဝယ်ဒိုင်မှတဆင့် တောင်ကြီးသို့တင်ပို့ရောင်းချကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)