တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင်ထားဝယ်ခရိုင်မှ ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် နိုဝင်ဘာ ၉

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (နိုင်ငံတော်အဆင့်) ပြိုင်ပွဲတွင် ထားဝယ်ခရိုင်မှဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်အဆင့်တွင် သွားရောက်ယှဉ်ပြိုင်ဆုရရှိသူများကို တိုင်းဒေသကြီးမှ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ အုပ်စုလိုက်ဝင်ရောက်ယှဉ်ပြိုင်သော ထားဝယ်ယဉ်ကျေးမှု အက၊ မွန်ရိုးရာအက၊ ကဗျာလွတ်အကအဖွဲ့များအနေဖြင့် ကြိုးစားပြီးယှဉ်ပြိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲဝင်များကို တိုင်းဒေသကြီးအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခဲ့ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်များအား တတ်နိုင်သည့်ဘက်က ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝင်ရောက်ယှဉ်သည့်ပြိုင်ပွဲဝင်များက ဆုတံဆိပ်အနေဖြင့် ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၈)ဆု၊ ကြေးတံဆိပ်(၂)ဆု၊ နှစ်သိမ့်ဆု(၅)ဆုနှင့် တိုင်းရင်းသားရိုးရာ ကျေးလက်အကဂုဏ်ပြုဆု(၁)ဆုရရှိခဲ့သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ လာမည့်နှစ်များတွင် ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်သည့် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ယခုအချိန်မှစ၍ အနုပညာရှင်များအား ရရှိနိုင်သည့်ဘက်ကစုစည်း၍ လေ့ကျင့်ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် လာမည့်နှစ်များတွင် ဆက်လက်ကြိုးစားဆောင်ရွက်ပေးရန်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဇော်ထွန်းသောင်းက အောင်နိုင်ရေးကော်မတီမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ဆောင်ရွက်ခဲ့သည့်အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တိုင်းရင်းသား/ ကျေးလက်ရိုးရာ အကပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသောဆုဒိုင်းအား အပ်နှင်းသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်မှဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုဆုငွေ (၁၄)သိန်း(၂)သောင်းအား ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်များကိုယ်စား ပြိုင်ပွဲဝင်(၁)ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်