ရွှေကျင် နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမင်းသူက ရွှေကျင်မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန်၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ဖော်ဆောင်ရန်စသည့် အချက်များကို ပြောကြားခဲ့ပြီး ရွှေကျင်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီက လူမှုဝန်ထမ်းလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဌာနတွင်းမူကြိုဖွင့်လှစ်ခြင်း၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများကို ထောက်ပံ့ပေးခြင်း၊ ပုဂ္ဂလိကမူကြိုမှတ်ပုံတင်ခြင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ခြင်း၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ပေးအပ်ခြင်းစသည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမင်းသူ၊ လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိဒေါ်ပြုံးပြုံးရီနှင့်ဝန်ထမ်းများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)