ကျိုက်လတ် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ (၂)ဖြတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော မဟာအတုလမြတ်မုနိံ ရပ်တော်မူဘုရားကြီးတွင် တန်ဆောင်တိုင်ဆီမီး (၅၀၀၀) ပူဇော်ပွဲကို မြန်မာ့ရိုးရာ အစဥ်အလာမပျက် ကျင်းပခဲ့သည်။
အဆိုပါ ဆီမီး (၅၀၀၀) ပူဇော်ပွဲကို တန်ဆောင်မုန်း လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့တို့တွင် ရပ်တော်မူ မြတ်စွာဘုရားကြီး ဂေါပကအဖွဲ့နှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်ကြပြီး ဘုရားဖူး ပြည်သူများကလည်း ပါဝင်လှူဒါန်း၍ ဘုရားကြီးအတွင်းနှင့် ဘုရားပရဝုဏ်အတွင်းရှိ စေတီတော်များတွင် ဆီမီးများထွန်းညှိ ပူဇော်ခဲ့ကြကြောင်း သိရသည်။ ညနေပိုင်းတွင် ဘုရားဖူးလာကြသူများအား အလှူရှင်များ၊ အသင်းအဖွဲ့များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး ညပိုင်းတွင် ကိုလတ်တေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)