မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကဆောင်ရွက်

မြို့သစ် နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည်စိုက်ပျိုးရေးကို အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများရှိကာ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့သူများရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများစုပေါင်းကာ သန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့သစ်မြို့နယ်အတွင်း၊  ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအတွင်းရွံ့မြေများ၊ နုန်းမြေများ၊ အမှိုက် သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ချုံနွယ်ပင်များရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့ပေါ်ရပ်ကွက်များ၌ အလှည့်ကျ(၅)ရက်တစ်ကြိမ် အမှိုက်သိမ်းယာဉ်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း( ပြန်/ဆက်)