ဟုမ္မလင်း၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဟုမ္မလင်း နို၀င်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးချစ်ငွေက အဖွင့်အမှာစကား ပြောကြာပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်က ဟုမ္မလင်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ခံဆရာ/ ဆရာမများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် သင်ကြားရေးဆိုင်ရာများ၊ ဘဏ္ဍာရေးဆိုင်ရာများနှင့် စည်းကမ်းထိန်းသိမ်းရေးတို့တွင် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၉၄)ကျောင်းဖွင့်လှစ်ပြီး ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ/ဆရာမများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ (၉)ရက်နေ့မှ (၁၀)ရက်နေ့ထိ နှစ်ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

လင်းလင်း(ပြန်/ဆက်)