ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဂေါတမသဗ္ဗညူရွှေပြည်အေး (၁၁)ထပ်ဘုရားကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်

ကြံခင်း နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ဖြစ်သော မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ပွဲများ ကျင်းပကြရာ ယမန်နေ့ ညပိုင်းက ကြံခင်းမြို့ နယ်လုံးဆိုင်ရာ ဂေါတမသဗ္ဗညူ ရွှေပြည်အေး (၁၁)ထပ်ဘုရားကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကြသည်။

ထိုသို့ထွန်းညှိပူဇော်ပွဲသို့ ဘုရားဖူးလာ ပြည်သူများဖြင့် စည်းကားလျက်ရှိပြီး စေတနာရှင် အလှူရှင်များက စတုဒိသာမုန့်များ ပေးဝေခဲ့ကြကြောင်းနှင့် နှစ်စဉ်တန်ဆောင်မုန်းလပြည့်နှင့် လပြည့်ကျော် (၁)ရက်နေ့တွင် စေတနာရှင် အလှူရှင်များစုပေါင်းပြီး ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်ကြောင်း ဘုရားဂေါပက တစ်ဦးထံက သိရသည်။

ကြံခင်းမြို့နယ်အတွင်း နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး ရပ်ကွက်များ၊ လမ်းများ၊ နေအိမ်တို့တွင် ရောင်စုံမီးများ၊ မီးပုံးများ၊ ဆီမီးများထွန်းညှိခြင်း၊ စတုဒိသာကျွေးခြင်း၊ ပံ့သကူ စွန့်လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)