စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၉

စစ်ကိုင်းမြို့နယ်  လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား ဒီဇယ် (ရွာထောင်)မှ အာမခံအလုပ်သမား ဦးရှိူင်းဘိုဘိုကျော်သည် ဌာန၏တာဝန်ပေးချက်အရ လုံခြုံရေး မီးသီးလဲလှယ်ရန် အလုပ်တာဝန်ထမ်းဆောင်နေစဉ် ဓာတ်လိုက်၍ အလုပ်တွင်မတော်တဆ ထိခိုက် ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူမိသားစုများအား၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ နှင့်အညီ ငွေကျပ်(ရှစ်ဆယ့်တစ်သိန်း)တိတိ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြန်မာ့ မီးရထားဒီဇယ်(ရွာထောင်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးရုံမှ ဦးစီးအရာရှိက အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသည့်အခါ အာမခံထားသူမသေဆုံးမီက ပေးသွင်းခဲ့သော (၄)လအတွင်းရရှိသည့် ပျမ်းမျှ လုပ်ခအပေါ် မူတည်၍ အကျိုးခံစားခွင့်ရှိကြောင်း၊ ထည့်ဝင်ကြေးငွေကို လပေါင်း(၆၀)နှင့် အောက်ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ (၃၀)ဆ၊ လပေါင်း(၆၀)အထက်မှ(၁၂၀)အထိ ပေးသွင်း ပါကပျမ်းမျှလုပ်ခ၏ (၅၀)ဆ၊ လပေါင်း(၁၂၀)အထက်မှ (၂၄၀)အထိ ပေးသွင်းပါက ပျမ်းမျှလုပ်ခ၏ (၆၀)ဆ၊ လပေါင်း(၂၄၀)အထက် ပေးသွင်းပြီးပါက ပျမ်းမျှလုပ်ခ၏ (၈၀)ဆ အကျိုးခံစားခွင့်ရှိ ကြောင်း အာမခံထားသူက အမည်စာရင်းပေးသွင်းထားသူ (သို့မဟုတ်)ထိုသူမရှိခဲ့လျှင် သေဆုံးသူ၏ ဇနီး/ ခင် ပွန်း ပြီးလျှင်သား/ သမီး၊ ထိုသူများမရှိမှသာ မိခင်/ဖခင်တို့ခံစားခွင့်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြား ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့်ကို လက်ရောက် ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာန အကြီး အကဲများ၊ မြန်မာ့မီးရထားဒီဇယ်(ရွာထောင်)မှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျန်ရစ်သူ မိသားစုဝင် များ တက်ရောက်ခဲ့ကြပြီး မြန်မာ့မီးရထားဒီဇယ်(ရွာထောင်)မှ ဒုတိယအထွေထွေမန်နေဂျာက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းခရိုင်(ပြန်/ဆက်)