ဇီးကုန်းမြို့နယ်တွင် မွေးကင်းစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

ဇီးကုန်း နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစမှအသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား  အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများ တိုက်ကျွေးပေးခဲ့ကြသည်။          

ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ အဆိုပါကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)