မိုးညို နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်တွင် အလှူရှင်များ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ တန်ဆောင်တိုင်မီးထွန်းပွဲ၊ နိဗ္ဗာန်ဈေးအလှူနှင့်ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ကစည်ကားသိုက်မြိုက်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။
တန်ဆောင်တိုင်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲပြုလုပ်ရာတွင် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ ဘဘကြီးနုတ်ခမ်းမွေးဆွဲ၊ ဘဲ(၂)ကောင်ဖမ်းဆီးခြင်း၊ တာယာကွင်းအတွင်းဘောလုံးပစ်ခြင်းစသည့် ပြိုင်ပွဲများအား ပျော်ရွှင်စွာကစားခဲ့ကြသည်။ ထို့နောက်ညနေပိုင်းတွင် နိဗ္ဗာန်ဈေးအလှူပွဲအားပြုလုပ်ခဲ့ရာ အလှူရှင်များက မုန်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ကျောက်ကျော၊ အချိုရည်မျိုးစုံ၊ မဲဇလီရွက်ဟင်းချို၊ အသင့်စားမုန့်မျိုးစုံတို့အား ကျွေးမွေးလှူဒါန်းပြီးလာရောက်သူများအား ကံစမ်းမဲများဖောက်ပေးခဲ့သည်။
ဆက်လက်၍ညပိုင်းတွင် မီးထွန်းပွဲအားပြုလုပ်ရာ ရပ်ကွက်အတွင်းရှိအလောင်းဘုရားလမ်းမကြီး၊ ပန်းစံပါယ်လမ်း၊ ခိုင်သဇင်လမ်းတို့တွင် ဆီမီးအလှထွန်းခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)