(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဘားအံ နိုဝင်ဘာ ၉

 (၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အားကစားနည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သီရိကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

 “၂၀၂၂ခုနှစ်၊(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြိုင်ပွဲကျင်းပ ရေးအနေနဲ့ ကရင်ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို ဦးဆောင်ပြီး ကရင်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ ဖြစ်မြောက်ရေးစီမံချက်ရေးဆွဲပြီး တော့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ပြိုင်ပွဲအမျိုးအစားအနေနဲ့ကတော့ကြား အထူးပွဲရှိသလို ကျွန်တော်တို့ ၇ သိန်း၊ ၁၀ သိန်း၊ ၁၅ သိန်းကျပ် ရိုးရာ အောင်လံ၊ ပြီးရင် စာချုပ်စိန်ခေါ်ပွဲ စုစုပေါင်း ၂၂ ပွဲကို သုံးရက်တိတိ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ဖြစ်အောင် တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်”ဟု ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင် မြင့်ဦးကပြောသည်။

အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပ သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့က တက်လူ(သုံးပန်လှ)နှင့် ကျောက်ရိုင်း(ဓမ္မဟေဝန်)၊ ထူးသူးဖိုး (တိုက်ဂါး)နှင့် စိုးမင်းထိုက် (အဲကညော)၊ သွေးရိုင်းလေး(ဒေါနပွင့်သစ်)နှင့် ချစ်မောင်မောင်(ဖလုံပညာတဝေါင့်)၊ မင်းမောင်မောင်(တောင်ကလေး)နှင့် သွေးသစ်အောင်(ဒေါနပွင့်သစ်)၊ စူးခလိန်းမင်း (စက်ရုံ)နှင့် နေထူးထူး(တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြပြီး အခြားပွဲစဉ်များလည်း ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲအဖြစ် ယခုမြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲများအပြင် ဒုံးအကပြိုင်ပွဲများ၊ဌာနဆိုင်ရာပြခန်းများခင်းကျင်းပြသခြင်း၊ ဒေသထွက်ကုန် အရောင်းပြခန်းများပြသခြင်း၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)