ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးမည်

ကျွန်းလှ နိုဝင်ဘာ ၉           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ အတွင်း ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆောင်းသီးနှံ စိုက်ပျိုးရန် ၅၉၁၄၅ ဧက လျာထားပါတယ်။ အောက်တိုဘာလကုန်အထိ ၁၇၄၅၀ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ်စိုက်ပျိုးဖို့ တောင်သူ တွေနဲ့ ဆွေးနွေးနေပါတယ်။ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးစေခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲစေခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ် နှိမ်နင်းနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါး ၂၉၄၈ ဧက၊ ပဲမျိုးစုံ ၂၆၂၃၁ ဧက၊ ဆီထွက်သီးနှံ ၂၆၆၉၀ ဧက၊ စားဖိုဆောင်သီးနှံ ၇ ဧက၊ အခြားသီးနှံ ၃၂၆၉ ဧက၊ စုစုပေါင်း ၅၉၁၄၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို