ကျုံပျော်တွင် နေကြာသီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်

ကျုံပျော် နိုဝင်ဘာ ၉

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက်နေကြာ သီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှု စနစ်တကျရှိစေရေးအတွက် သီးညှပ်၊ သီးထပ်စိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် နိုဝင်ဘာ ၈ ရက် နံနက်က လိုက်လံဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူးနှင့် ကျေးရွာ တာဝန်ရှိသူတို့က ကွင်းကြီးအုပ်စု၊ ကွင်းကြီးကျေးရွာရှိ တောင်သူ ဦးစံရီပိုင် တာကောက်ကွင်း၊ ကွင်းအမှတ် ၁၀၃၂ A၊ လယ်မြေ (၁)ဧကအတွင်း ရေဆင်း-၁ စပ်မျိုးနေကြာ သီးညှပ်စိုက်ပျိုးနေမှုနှင့် တောင်သူ ဦးမောင်မောင်ဦး၏ လယ်မြေ (၁)ဧကအတွင်း ရေဆင်း-၁ စပ်မျိုးနေကြာသီးနှံ သီးသန့် စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် နည်းစနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် နေကြာစိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၂)ခုရှိပြီး၊ သီးသန့် (သီးထပ်) ၇၅% (၈၃၃၀) ဧကနှင့် သီးညှပ် ၂၅% (၂၇၇၆) ဧက၊ စုစုပေါင်း (၁၁၁၀၆)ဧက လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)