ဟားခါး နိုဝင်ဘာ ၈
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်ချက်မှတ်တမ်းအား Video Clip ဖြင့် ပြသပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအား ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ဟားခါးမြို့ သုခိတာရုံသီလရှင်စာသင်တိုက်ဓမ္မာရုံတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး သံဃာတော် (၅) ပါး၊ သာမဏေ (၃) ပါးနှင့် သီလရှင်ဆရာလေး အပါး (၃၀)တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲ ဖွင့်ဖောက်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
(မောင်ထွန်းတောက်)