ပုလော နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ကွမ်းရွက်စိုက်ပျိုးရောင်းချသူ တောင်သူများအနေဖြင့် ယခင်နှစ်ကထက် ဈေးပိုမိုရရှိကြောင်းသိရသည်။
ယခင်နှစ်က အရွက် ၅၀ ပါ ကွမ်းရွက်တစ်စည်းလျှင် ၄၀၀ကျပ် သာရရှိသော်လည်း ယခုနှစ်တွင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အကြားရရှိကြောင်း၊ ကွမ်းရွက်စိုက်ပျိုးရာတွင် စတင်စိုက်ပျိုးချိန်မှ ၄၅ ရက်ကြာလျှင် ဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ ကွမ်းရွက်ပင်ကို များစွာပင်ပန်းခံ စိုက်ပျိုးရခြင်းမရှိဘဲ နေ့စဉ်ရေလောင်း ပေါင်းမြက်ရှင်း အစာထည့်ခြင်းဖြင့် အပင်မသေသည့်တိုင် တစ်နှစ်ပတ်လုံး ဆွတ်ခူးရောင်းချနိုင်ကြောင်း သိရသည်။
အဆိုပါ ကွမ်းရွက်စိုက်ပျိုးခြင်းလုပ်ငန်းကို အိမ်ခြံဝင်းအတွင်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့်လည်း မိသားစုဝမ်းရေးအတွက် အဆင်ပြေကြောင်း၊ ယခုနှစ်က ယခင်နှစ်ထက်ဈေးကောင်း၍ စိုက်ပျိုးသူတောင်သူများအနေဖြင့် ပိုမိုအဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်ပျိုးရောင်းချသူတောင်သူများထံမှ သိရသည်။
နီနီထွန်း(ပုလော)