ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူ

ပခုက္ကူ နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့်ဌာနဆိုင်ရာရုံးများတွင် လိုက်လံစိုက်ထူကြသည်။      

အဆိုပါမြေစိုက်ပိုစတာများကို ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်းများက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန (ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံး)ရှေ့၊ ပခုက္ကူအဝေးပြေးကားကြီးကွင်းရှေ့၊ မြို့မဈေးမြောက်ဘက် လွတ်လပ်ရေးပန်းခြံရှေ့တို့နှင့် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ စိုက်ထူကြပြီး ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင် စုလူဦးရေစာရင်းပုံစံ(၆၆/၆)ဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါမြေစိုက်ပိုစတာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ(၅၂)သန်းအား စာရင်းရေးသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့်အခြားအသိအမှတ်ပြုကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ ပျက်စီး/ပျောက်ဆုံးခြင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်လိုခြင်း၊ သတ်မှတ်ထားသောအသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်လိုခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များကွဲလွဲခြင်းနှင့် တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းများအတွက် သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရမည့် အချက်များပါဝင်ပြီးသတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)