ကံမ နိုဝင်ဘာ ၈
သာသနာတော်နှစ် (၂၅၆၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့နံနက် ၉ နာရီက သရက်ခရိုင် ကံမမြို့အမှတ်(၂) ရပ်ကွက် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအား သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး စပယ်ခြုံကျောင်းတိုက် ဆရာတော်ငါးပါးသီလခံယူကြပြီ ကြွရောက်လာကြတော်မူသည့် ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များအား အလှူရှင် ဒါယကာ၊ ဒါယိကာမများမှ နာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အလှူရှင်များက ကထိန်လျာသင်္ကန်းနှင့် လှုဖွယ်ဝတ္ထုအစုစုတို့အား ရွှေကျောင်းဆရာတော်၊ ကံဦးတောရကျောင်းဆရာတော်နှင့် ဆင်ဆွယ်မြောင်ကျောင်း ဆရာတော်တို့ထံ ဆက်ကပ်လှူဒါန်းတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝန်ထမ်းများနှင့်အလှူရှင်ဒါယကာ၊ ဒါယိကာမများမှ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် စပယ်ခြုံကျောင်းတိုက် ဆရာတော်မှ ကထိန်အနုမောဒနာ တရားတော်မြတ်အား ချီးမြှင့်ဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)