ကလိန်အောင် နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက (၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။
အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရာ ကံပေါက်ကျေးရွာ ဗောဓိမာန်အောင်ကျောင်းတိုက်မှ မြို့နယ်သံဃာနယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏိဿရ ဦးဆောင်၍ ပင့်သံဃာတော်(၅)ပါး၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး ကံပေါက်ကျေးရွာ ဗောဓိမာန်အောင်ကျောင်းတိုက်မှ မြို့နယ်သံဃာနယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏိဿရထံမှ ငါးပါးသီလတရားခံယူဆောက်တည်ကြကာ ကြွရောက်တော်မှုကြသော သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မှုသော မေတ္တာသုတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ထို့နောက် ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် တက်ရောက်လာကြသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃာနယကဥက္ကဋ္ဌ ဆရာတော်ဦးဉာဏိဿရထံမှ ကထိန်အနုမောဒနာတရားနာယူကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ပြီးနောက် တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူးဒါန်းခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့