ဘားအံ နိုဝင်ဘာ ၈
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ တန်ဆောင်နိဗ္ဗာန်းဈေးပွဲတော်ကို တောင်ဆောင်မုန်းလပြည့် ယမန်နေ့မွန်းလွဲ ၄ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် မန်းနဲစန်လမ်းတို့တွင်ကျင်းပရာ ဘားအံမြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ ကျွေးမွေးဧည့်ခံသူများ၊ လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
နိဗ္ဗာန်ဈေးပွဲတော်တွင် ဌာနဆိုင်ရာမဏ္ဍပ် ၁၅ ခု၊ ရပ်ကွက်များမှမဏ္ဍပ် ၉ ခု၊ စေတနာရှင်အလှူရှင်မဏ္ဍပ်များ ၇ ခုတို့မှ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြာဇံချက်၊ ရေခဲမုန့်၊ ပလာတာ၊ အချိုရည်အမျိုးမျိုး၊ မုန့်အမျိုးမျိုးနှင့် စားဖွယ်အမျိုးမျိုးတို့ကို ဧည့်ခံကျွေးမွေးခဲ့ရာ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ ဒေသခံတိုင်းရင်းသားပြည်သူများက မဏ္ဍပ်များ အလိုက်လှည့်လည် သုံးဆောင်အားပေးခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း မန်းနဲစန်လမ်းမှ ကျော်ဇေယျလမ်း(ဦးပေါက်တံတားထိပ်ထိ)ပါဝင်ယှဉ်နွဲ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း စတုဒိသာတည်ခင်းဧည့်ခံကျွေးမွေးခြင်းများကို ရပ်ကွက် ကျေးရွာအလိုက်၊ လမ်းအလိုက်၊ အပိုင်းအလိုက် စည်ကားသိုက်မြိုက်စွာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)