ကော့သောင်း နိုဝင်ဘာ ၈
ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယမန်နေ့ညနေ(၅)နာရီက စုရပ်ဖြစ်သည့် (၇)မိုင်၊ ရွှေပြည်စိုးကျေးရွာမှစတင်ကာ ကော့သောင်းမြို့တွင်းသို့ ဒေသစာရီလှည့်လည် ပူဇော်ပွဲကျင်းပသည်။
ကော့သောင်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲသည် နှစ်ဆယ်ရှစ်ဆူသောဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်တော်မှုရာစံကျောင်းတော်ဖြစ်သည့် ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမာန်တော်မှ တန်ဆောင်မုန်းလဆန်းပိုင်းမှ စတင်ကာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊ အသင်းအဖွဲ့များပွင့်စဉ်အလိုက် မဲစနစ်ဖြင့်ပင့်ဆောင်၍ မိမိတို့ရပ်ကွက်/ကျေးရွာများတွင် သီတင်း(၂)ပတ်မျှ ယာယီကိန်းဝပ်စံပယ်အပူဇော်ခံကာ ဗုဒ္ဓပူဇနိယပွဲတော်ကို ဆင်ယင်ကျင်းပကြပြီး တန်ဆောင်မုန်းလပြည့်ညတွင်ပွင့်စဉ်အလိုက်စီတန်းကာ မင်္ဂလာစည်တော်အကဖွဲ့များ၊ ဥပသကာအဖွဲ့များဖြင့် မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံကြရာ ရပ်ကွက်အလိုက်ပြည်သူများမှ ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများလှူဒါန်းခြင်း၊ စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းကျွေးမွေးလှူဒါန်းခြင်းများဖြင့် တန်ဆောင်မုန်းလပြည့်ညသည် တစ်မြို့လုံးအုံးအုံးကျွက်ကျွက်ဖြင့် ခြိမ့်ခြိမ့်သဲကြက်ပျံမကြစည်ကားလှကြောင်း သိရှိရသည်။
ကျော်စိုး (ကော့သောင်း)