ကျွန်းစု နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့ပေါ်အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသိဋ္ဌ ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ကထိန်လျာသင်္ကန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များအသီးသီးမှ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူကြည်ညိုခဲ့ကြသည်။ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ လှူဒါန်းပွဲအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင်အကြီး (၂၂)ပင်ရှိပြီး ယမန်နေ့က မြို့ပေါ်ရပ်ကွက်များ၌လှည့်လည်၍ သီရိမင်္ဂလာကျောင်းတိုက်ဆီသို့ပို့ဆောင်ခဲ့ကြကာ အဆိုပါ ပဒေသာပင်များကို စာရေးတံမဲဖောက်၍ ကျောင်းတိုင်းအသီးသီးသို့ တာဝန်ရှိသူများက ယနေ့တွင် သွားရောက်လှူဒါန်းကြသည်။ လှူဒါန်းပွဲ၌ လှူဒါန်းကြသည့် ပဒေသာပင်နှင့် နဝကမ္မအလှူငွေစုစုပေါင်းတန်ဖိုးမှာ ကျပ်(၁၁၅)သိန်းကျော်ရှိကြောင်း သိရသည်။
စည်သူရအောင် (ကျွန်းစု)