ဘားအံ နိုဝင်ဘာ ၈
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်များက အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲဗိုလ်လု ပွဲစဉ်တို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက ကြက်ခြေနီတပ်ဖွဲ့နှင့်ဆေးအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ၊ အမျိုးသား/အမျိုးသမီး မီတာ(၈၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၃၀၀၀)အပြေး ပြိုင်ပွဲ၊ အမျိုးသမီးသံပြားပစ်ပြိုင်ပွဲ၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ ဆုရရှိသူများအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရ ဘားအံမြို့နယ်ပြေးခုန်ပစ် အသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့်ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသော သံတောင်ကြီးမြို့နယ်ပြေးခုန်ပစ်အသင်းအား တံခွန်စိုက် ဖလားနှင့်ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသား/ အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော ဘားအံမြို့နယ်ပြေးခုန်ပစ်အသင်းအား တံခွန်စိုက်ဖလားနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)