မြန်အောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်

မြန်အောင် စက်တင်ဘာ ၁၈

မြန်အောင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ၂၀၁၈-၂၀၁၉ မိုးစပါးရာသီ (မီးလောင်ပျက်စီးမှု) ဖြစ်ပေါ်ခဲ့သော ကွမ်းခြံကုန်းကျေးရွာနှင့် ရင်းတောလေးကျေးရွာတို့မှ တောင်သူ(၁၂)ဦး၏ ပျက်စီးဧက(၄၂)ဧက အတွက် ၈,၄၀၀,၀၀၀/ကျပ် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးရာသီကာလ (ရေကြီးနစ်မြုပ်မှု)ဖြစ်ပေါ်ခဲ့သော ကပ်ခိုကျေးရွာအုပ်စုနှင့် ပေါက်ကုန်းစွန်းကျေး ရွာအုပ်စုတို့မှ တောင်သူ (၂၈၀)ဦး ၏ ပျက်စီးဧက (၈၄၇.၆၇)ဧက အတွက် ၈,၄၇၆,၇၀၀ ကျပ်ကို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းပြောသည်။

မြန်အောင်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် နိုင်ငံတော်မှပေးအပ်သော ထောက်ပံ့ငွေများ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ဦးအောင်ကျော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းတို့က သဘာဝဘေးသင့်တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)